ရုပ်ရှင်ကဗျာ ၂၃
ကျင်းထဲ၌ သူတို့အိပ်ကြသည်၊ သို့သော် လူသေများမဟုတ်
အမဲလိုက်ကြသည်၊ သို့သော် မုဆိုးများမဟုတ်
လူတို့၏အိမ်ထဲသို့ ဝင်ကြသည်၊ သို့သော် ဧည့်သည်များမဟုတ်
လူတို့ကို ဆေးတိုက်သည်၊ သို့သော် ဆရာဝန်များမဟုတ်
လူတို့၏ကျောရိုးကို ခွဲစိပ်သည်၊ သို့သော် ခွဲစိပ်ဆရာဝန်များမဟုတ်
သစ်ပင်တို့ကိုခုတ်၍ မြေကျင်းကြီးများကိုလည်း တူးကြသည်၊
သို့သော် ဆောက်လုပ်တူးဖော်ရေး အလုပ်သမားများ မဟုတ်
ဇနီးတို့နှင့်အိပ်ကြသည်၊ သို့သော် ခင်ပွန်းများမဟုတ်
လူတို့၏အိပ်မက်ထဲသို့ဝင်၍ ထိုလူတို့ကို သတ်ဖြတ်ကြသည်၊
သို့သော် ထမင်းလုံးတစ္ဆေများမဟုတ်
ကလေးတို့ကို အဝေးသို့ ခေါ်ဆောင်သွားကြသည်၊
သို့သော် မိဘများမဟုတ်
သူတို့သည် ကျွန်ုပ်တို့ထံ ဆင်းသက်လာ၍
သူတို့၏အင်အားကို ကြီးထွားအောင်လုပ်ကြလေ၏
အီးဆာသို့
အနုမြူစိမ်းရောင်ဖရဲသီးတွေရဲ့ လိုဏ်ခေါင်းထဲမှာ
လက်တစ်ဖက်ဟာ လေဆင်နှာမောင်းလိုရွေ့ နေတယ်
အာရှတိုက်ရဲ့ မြေပုံဟာ ငိုတယ်၊ ပြီးတော့ ရေထဲငုပ်သွားတယ်
လူချမ်းသာတစ်ယောက်က လမ်းပေါ်ထွက်လာပြီး
ဖြတ်မောင်းသွားတဲ့ကားတွေကို အလေးပြုတယ်
အိမ်အောက်ထပ်ကနေ ဆူဆူညံညံအသံတွေထွက်လာတော့ ငါတွေးမိတယ်
တောအုပ်ဟာ ဝမ်းနည်းနေတဲ့တိရစ္ဆာန်တွေကို သူ့ရဲ့ ကိုယ်ပေါ်ကနေ
ခါချနေတာလား၊ ဒါမှမဟုတ် ငါ့တို့ရဲ့ ရွာကလေး အိပ်ရာကနိုးလာတာလားပေါ့
ငှက်တွေက သူတို့ရဲ့ ညီလာခံကို မှောင်နေတဲ့အိမ်ထဲမှာ ကျင်းပကြပါတယ်
အဲဒီအိမ်ထဲကို လူချမ်းသာဝင်လာတော့ ငှက်ညီလာခံဟာပွက်လောရိုက်သွားတယ်
ရွှေအိုရောင်စပါးခင်းဟာ ချော်ရည်တို့၊ ဓါတ်ငွေ့တို့နဲ့လုပ်ထားတဲ့
အဝတ်စတစ်စဖြစ်သလို၊ ဓါတ်ဆီကိုငတ်မွတ်နေတဲ့ လူအုပ်ကြီးလည်းဖြစ်တယ်
ငှက်ပစ်တဲ့ရာသီကိုရောက်လာတော့ တောဘက်ကို လူတွေထွက်သွားကြတယ်
ရွာလယ်ကကုက္ကိုပင်ဟာ ကင်ဆာရောဂါသည်တွေရဲ့ ဆံပင်ကို ဝတ်ထားပါတယ်
တစ်ခါတစ်လေကျတော့လည်း လူချမ်းသာတွေကိုဆန့်ကျင်တဲ့
ကိုဘာယာရှိအီးဆာလို ကဗျာဆရာတွေ ပေါ်ပေါက်လာဖို့လိုတယ်
အဝေးတစ်နေရာက ထိတ်လန့်စရာကောင်းတဲ့ဖြစ်ရပ်
အခိုးထွက်နေတဲ့ ငါ့ရဲ့မျက်လုံးတွေဟာ
မုန်တိုင်းတစ်ခုအဖြစ် ပေါက်ကွဲသွားကြတယ်။
ဒီနှစ်ဟာ မီးသတ်သမားတွေအတွက် ကျားနှစ်။
ငါအတွက်ကတော့ ဟိမဝန္တာတောင်လောက်ရှိတဲ့
ရုံးပတီသီးတစ်တောင့်ရဲ့နှစ်၊ ပြီးတော့ လဲနာ့ဒ်ကိုဟင်
ကွယ်လွန်ခဲ့တဲ့နှစ်ပေါ့။ ရှော့ပင်းစင်တာထဲမှာ
စကားလုံးတွေကလွဲပြီး ကျန်တာဘာမှမရှိဘူး။
အဲဒီစကားလုံးတွေဟာ ငါ့လိုပဲ ထမင်းစားချင်နေကြတယ်။
ငါကိုယ်တိုင်က ပြတင်းပေါက်ဆိုတော့ လေဒဏ်မိုးဒဏ်ကို
အခြားလူတွေထက် ပိုပြီးခံရတယ်။ အိမ်ကိုပြန်ပါတော့၊
မိုက်ကယ်ဂျက်ဆင်။ အိပ်ရာဝင်ပါတော့၊ လူးရိဒ်။
ငယ်ငယ်ကဖတ်ခဲ့သမျှ အိပ်ရာဝင်ပုံပြင်တွေဟာ
လူသတ်သမားတွေအကြောင်းချည်းပါပဲ။
အဲဒီနောက် အိပ်မက်ဆိုးထဲမှာ နိုးနေရတာပေါ့။
ကန္တာရတိုင်းမှာ ဆူးပင်တွေရှိမှာပဲ။
မုန်တိုင်းတွေကိုတော့ ငါပဲဖန်တီးထားတာဖြစ်တယ်။
လိပ်ပြာတွေကိုဖမ်းပြီး စကားလုံးတွေကို အစာကျွေးလိုက်တယ်။
ပြီးတော့ ငါကိုယ်တိုင်လည်း လေးငါးကောင်စားလိုက်တယ်။
ကဗျာသုံးပုဒ
မောင်ဒေး